ကော့ကရိတ် အောက်တိုဘာ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများသည် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင် သွားရောက်ပေးနိုင်ပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။
ကော့ကရိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၅၇)အုပ်စုရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူဦးရေ(၂၀၀၀၀)ကျော် ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)