မကွေး ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏အခြေခံကျသော စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာစေခြင်းနှင့်အတူ ကုန်ထုတ်လုပ်မှု တိုးတက်စေရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးရာ ရောက်မည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများတွင် စီးပွားရေးတိုးတက်လာတာနှင့်အမျှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတို့မှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကို တင်ပို့ရောင်းချနိုင်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်တိုးတက်အောင် ဆောင်ရွက်လာနိုင်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထွက်ကုန်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်အတန်းမီ ထုတ်လုပ်လာနိုင်ခြင်းအားဖြင့် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ပြီး နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းသစ်များဖန်တီးရာတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ပို့ကုန်ဝင်ငွေကိုလည်း တိုးတက်စေမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ စွမ်းဆောင်ရည်မြင့်မားသော ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်း ၂ ခုအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
မောင်ညီညာ