မြန်အောင် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က(၁)မြန်အောင် ( Assembly Hall)တွင် ယမန်နေ့နံနက်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက "ကောင်းကျိုးမပေး မူးယစ်ဆေး စုပေါင်းကာကွယ် မူးယစ် အန္တရာယ်"ခေါင်းစဥ်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးက "တန်ဖိုးရှိလှ လူငယ်ဘဝ၊ မူးယစ်ကင်းစင် ကျန်းမာမှ" စသည့်ခေါင်းစဥ်တို့ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းသား /သူများ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် အ.ထ.က(၁) မြန်အောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အ.ထ.က(၁) မြန်အောင်တွင် ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြခန်းအား ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် အခမ်းအနားတက်ရောက်သည့် တာဝန်ရှိသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
ဝင်းဗိုလ်(မြန်အောင်)