ပြည် ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယခုလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်တိုင်ကျင်းပခဲ့သော (တတိယ) အကြိမ် အသံမစဲမဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကြီး၏ အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စေတီတော်ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပြည်မြို့ ဝိသုဒ္ဓါရုံကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေဆံတော်ဂေါပကအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များထံ "ဆေးပစ္စည်းခြင်း" အလှူတော်နှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် လှူဒါန်းမှုအစုစုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ပြည်မြို့ ရွာဘဲတောင်ပေါ် ကျောင်းတိုက်ဆရာတော်ဘုရားကြီးက ရေစက်ချ အနုမောဒနာတရားချီးမြှင့်တော်မူပြီး ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေကြကာ ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် စာချနာယက ဆရာတော်အရှင်သူမြတ်က ပဋ္ဌာန်းသိမ်းအောင်ဂါထာတော်ကို ရွတ်ဆိုပူဇော်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ (တတိယ) အကြိမ် အသံမစဲမဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားအောင်မြင်စွာ ပြီးမြောက်သည်။
အဆိုပါ (တတိယ) အကြိမ် အသံမစဲမဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကြီးတွင် ဌာနဆိုင်ရာများအပါအဝင် စေတနာရှင်၊အလှူရှင်များ အသီးသီးတို့ထံမှ နဝကမ္မဝတ္ထုငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၄၅၀ တန်ဖိုးရှိ ဆေးပစ္စည်းအလှူတော်များနှင့် ဒါတဗ္ဗဝတ္ထုပစ္စည်းများ လှူဒါန်းရရှိပြီး ယင်းအလှူတော်များကို ပြည်မြို့နယ်ရှိ (စာသင်တိုက်) ကျောင်းတိုက်ပေါင်း ၅၃ ကျောင်းနှင့် သီလရှင်ကျောင်း ၁ဝ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော သာသနာ့ဝန်ထမ်း ရဟန်း/ သာမဏေ၊ သီလရှင်ဆရာကြီး/ ဆရာလေးများ၏ ကျန်းမာရေးဆိုင်ရာ ဆေးအလို့ငှာ ဆက်ကပ်လှူဒါန်းကြောင်းနှင့် အောင်ပွဲအခမ်းအနားအပြီးတွင် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဝေယျာဝစ္စအဖွဲ့များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များ၊ သီလရှင်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)