ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေး အစဥ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားရန်၊  နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစိုက် ဧကများအတွက် ဖြစ်ထွန်းအောင်မြင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း၊ အခြေခံပညာကျောင်းနှင့် ဆေးပေးခန်း တည်ဆောက်ပြီးစီးမှုလုပ်ငန်းများကို ပြန်လည်တင်ပြသွားရန်၊  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အပတ်စဥ် ဆောင်ရွက်သွားရန်၊ ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းများကို  ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက နွေစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ စိုက်ပျိုးရေရရှိရေး၊ ကျေးလက်ဒေသများ မီးလင်းရေး၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနေမှုများအား  ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ  တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)