လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ  စတင်မဲပေး

ဖရူဆို  အောက်တိုဘာ  ၂၉

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များ၌ ယနေ့နံနက်ပိုင်း မှစ၍ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကြိုတင်မဲပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်များက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ကော်မရှင် အဖွဲ့ခွဲများ၊ လေ့လာစောင့်ကြည့်သူများ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲထည့်မည့် မဲပုံးများအား ချိတ်ပိတ် ဆောင်ရွက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်သူများ နှင့် မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် အထက် သက်ကြီးရွယ်အို များက ယနေ့မှစ၍ ကြိုတင်ဆန္ဒမဲ လာရောက်ပေးအပ်လျက်ရှိပြီး မဲရုံသို့ မလာနိုင်သော သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄) အုပ်စုတို့တွင်  မဲရုံပေါင်း (၃၇)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ( ၁၉၉၅၃) ဦး၊ ကြိုတင်ဆန္ဒမဲထည့်မည့် သက်ကြီးရွယ်အို (၂၁၁၃) ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တောရယ်(ပြန်/ဆက်)