ပိုင်ကျုံမြို့၌ စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန်၌ စျေးကောင်းရရန် တောင်သူများမျှော်လင့်

ပိုင်ကျုံ   ဇန်နဝါရီ   ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မိမိပိုင်ခြံမြေများတွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်အတွင်း စိုက်ပျိုးထားသည့်ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အတွက် ရောင်းချချိန်တွင် စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။

မြို့နေဒေသခံပြည်သူများသည် အိမ်ရှိမြေကွက်လပ်များနှင့် ကိုင်းမြေများတွင် သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲသီး၊ ရုံးပတီသီး၊  ပဲတောင့်၊  ခရမ်းသီး၊ မုန်လာဥ၊ ဆလပ်နှင့်အခြားဟင်းသီးဟင်းရွက်များကို ရာသီအလိုက် စိုက်ပျိုးလေ့ရှိသည်။ ခရမ်းပင်များကို စိုက်ပျိုးရာတွင် ခရမ်းမျိုးစေ့ကို ပျိုးထောင်ကျဲပတ်ပြီး အပင်ပေါက်များ ရရှိလာပါက ကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးကြရသည်။ ခရမ်းပင်များ ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးရပြီး ပိုးသတ်ဆေးများလည်း ပက်ဖျန်ပေးရကာ ရက်ပေါင်း ၆၀ ခန့်တွင် အသီးသီးပြီး ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်သည်။ ယခုနှစ်ရာသီတွင် စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းပြီး ခရမ်းသီးများ လှိုင်လှိုင်ထွက်ရှိနေသည့်အတွက် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း တောင်သူတစ်ဦးက ပြောသည်။

ပိုင်ကျုံမြို့ရှိ  ဒေသခံပြည်သူများသည်  လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက်ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)