ထား၀ယ် ဇန်နဝါရီ ၂၉
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စာစီစာကုံးပြိုင်ပွဲအား စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်ကပြည်ထောင်စု နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကိုသိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ် လူရည်ချွန်များထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်း လေ့လာမှုနှင့်ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများ၏ပြိုင်ပွဲ ရလဒ် အမှတ်များနှင့် ဆုရွေးချယ်ရာတွင်ပါဝင်သည့်အချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယဆုရရှိသောကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရကျောင်းသား/သူများကိုယ်စား ဆုရ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)