သနပ်ပင်မြို့မစျေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေး

သနပ်ပင် ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သနပ်ပင်မြို့မ စျေးကြီး အတွင်း/အပြင် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များသို့ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ၊ အခြားအမှတ်တံဆိပ်ပါ လူသုံးကုန်ပစ္စည်းများတွင် ဆေးဝါးမှတ်ပုံတင် ရှိ၊ မရှိ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး၊ စားသောက်ကုန် လုပ်ငန်းများနှင့်တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးပညာ‌ပေးဟောပြောရာတွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်းကာ ဆေးဝါးမှတ်ပုံတင် ရှိ၊ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ၊ စားသုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ထိခိုက်နစ်နာမှု များနှင့်ပတ်သက်သည့် အကြောင်းအရာများအား တိုင်ကြားနိုင်သည့် Website များကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုလည်း ရှင်းလင်းသွားခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)