ပဲခူးမြို့၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်

ပဲခူး ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း(/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၉)ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က ကလေးအလုပ်သမားပပျောက်ရေးအတွက် သက်မွေးပညာရပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းသည် အထူးကောင်းမွန်သည့်အစီအစဥ်တစ်ရပ်ဖြစ်ကြောင်း၊ ကလေးသူငယ်များနှင့်လူငယ်များသည် နောင်တစ်ချိန်မှာ တိုင်းပြည်ကအားကိုးအားထားရမည့်သူတွေဖြစ်လို့ မည်သည့်ပညာရပ်ကိုမဆို လေ့လာသင်ယူဆည်းပူးနေရမှာဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မိမိရပ်ရွာဒေသစည်ပင်ဝပြောရေးအတွက် ကလေးသူငယ်များနှင့် လူငယ်များသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍကနေပါဝင်နေခြင်းကြောင့် ယခုသင်တန်းမှာသင်ကြားပေးသည့် စာတွေ့၊ လက်တွေ့ပညာရပ်များကို ကြိုးကြိုးစားစားလေ့လာသင်ယူကြရန်လိုကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ခင်မာသက်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်လှစ်မည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်တန်းတွင်လက်တွေ့သင်ကြားမည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါသင်တန်းအား ဇန်နဝါရီလ(၂၉)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၇)ရက်နေ့အထိ ရက်ပေါင်း(၂၀)ကြာ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးတက်ရောက်ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)