ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

ထားဝယ် ဇန်နဝါရီ ၂၉

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲ ကိုယနေ့နံနက် ၉ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က  တစ်ပြည်ထောင်လုံးက တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သောနေ့ကို ပြည်ထောင်စုနေ့ဟုခေါ်ဝေါ် သမုတ်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ဗြိတိသျှတို့လက်အောက်မှ မြန်မာနိုင်ငံ အပြည့်အဝ လွတ်လပ်ရေးရ ရန်တောင်တန်းဒေသ ခေါင်းဆောင် များနှင့်ပြည်မခေါင်းဆောင်များအကြား ပူးပေါင်းသည့်ပင်လုံစာချုပ် ချုပ်ဆိုခဲ့သောမြန်မာ့ သမိုင်းတွင် အရေးပါသည့် နေ့ထူးတရပ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ဟောပြောသည်။

ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက ပြည်ထောင်စုနေ့တို့မမေ့ခေါင်းစဉ် ဖြင့်စာစီစာကုံးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့်မိန့်ခွန်းကောက်နုတ်ချက်များ၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်း၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)