ပွင့်ဖြူမြို့နယ်၌ အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲများ လာရောက်ပေး

ပွင့်ဖြူ အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ၊ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပသွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအနက် အသက်(၆၀)နှင့် အထက်ရှိသူ သက်ကြီးဘိုးဘွားများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့် အခက်အခဲမရှိ အဆင်ပြေစွာ ပါဝင်မဲပေးနိုင်ရေးအတွက် ယနေ့မှ စ၍ နိုဝင်ဘာလ (၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း ၊ ထိုသို့ ကြိုတင်ဆန္ဒမဲ ပေးရာတွင် မဲရုံသို့ လာရောက်မဲပေးရန် အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ ၊ နာမကျန်းသူများ ၊ မီးဖွားသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများကို နိုဝင်ဘာလ (၆ ၊ ၇) ရက်နေ့များတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ လက်မှတ် များကို လိုက်လံကောက်ယူပေးသွား မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို  မြို့နယ်အတွင်း အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွားများ ၊ မဲရုံတွင် တာဝန် ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ ၊ မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်ဖြင့် ခရီးဝေးသွားလာ ရန်ရှိသော နိုင်ငံ့ဝန်ထမ်း များ ၊ မိမိနေရပ်သို့ ပြန်လည်၍ ဆန္ဒမဲမပေးနိုင်သူများ စသည့် မဲဆန္ဒရှင်ပြည်သူ များက ကြိုတင်ဆန္ဒမဲပေးခြင်းဖြစ်ကြောင်း သိရကာ ယနေ့ နံနက်ပိုင်းက  မြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိရာ မဲရုံအသီးသီးမှ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက ကိုဗစ် - ၁၉ ကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့် အညီ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၆၀) နှင့် အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေမှာ မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ၈၅၈၂ ဦး ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် ၈၃၄၃ ဦး ၊ စုစုပေါင်း ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေ ၁၆၉၂၅ ဦး ရှိကြောင်း  ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဌ ဦးအောင်စန်းမြင့်ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )