ပေါင်းတည် ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း( ၁၁ လမ်း)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ပညာထူးချွန်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ပေးကာ ဦးစွာမြို့နယ်ပညာရေးမှူးဒေါ်နော်ဆဲပွယ်ဖော ကိုယ်စားလက်ထောက်ပညာရေးမှူးဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အ.မ.က(၁၁)လမ်းကျောင်းအုပ်ဆရာမကြီး ဒေါ်စောယုမွန်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဆန်းနှင့်ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျောင်း၏တိုးတက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားကာ ပံ့ပိုးကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဂုဏ်ပြုလွှာများ၊ ပညာထူးချွန်ဆုများ၊ စာပေထူးချွန်ဆုများ၊ အားကစားထူးချွန်ဆုများနှင့် စည်းကမ်းပိုင်းဆိုင်ရာဆုများကို ပညာရေးဦးစီးဌာနမှ အကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ စေတနာရှင်ပြည်သူများနှင့် ဆရာကြီး၊ ဆရာမကြီးများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးမျာက ဇာတိမာန်သီချင်းကို သံပြိုင်သီဆိုကာအောင်မြင်စွာ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)