ပဲခူး ဇန်နဝါရီလ ၂၉
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရေအရည်အသွေးတိုင်းတာစစ်ဆေးသော စက်များအား အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ရေသည်လူသားများအားလုံးအတွက် ကျန်းမာသန့်ရှင်းရေးနှင့် တကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းများအတွက် အရေးအကြီးအဆုံးဖြစ်ပြီး ရေကောင်းရေသန့် ရရှိသုံးစွဲမှုသည်လည်း ပို၍ပင်အရေးကြီးကြောင်း ရေမသန့်ရှင်းမှုကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရန် သန့်ရှင်းပြီးစိတ်ချရသော ရေကောင်းရေသန့်ရရှိရေးနှင့် ရေတွင်ပါဝင်သောဓါတုပစ္စည်းများ ပါဝင်မှုပမာဏကို ရှေ့ပြေးကြိုတင်ထောက်လှမ်းသိရှိနိုင်ရန်၊ ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်တတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ပိုလီယိုရောဂါ စသည့် ဝမ်းနှင့်ပတ်သက်သည့်ရောဂါများ လျော့နည်းကျဆင်းစေရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားရန်၊ ကူးစက်ဖြစ်ပွားတတ်သောရောဂါများကို ကြိုတင်ထောက်လှမ်းသိရှိစေရန်နှင့် လျော့နည်းစေသောရည်ရွယ်ချက်များဖြင့် သက်ဆိုင်ရာမြို့နယ်တိုင်းတွင် သောက်သုံးရေအရည်အသွေး စောင့်ကြပ်ထောက်လှမ်းခြင်း၊ အရည်အသွေးကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းဆရာများ၏ လက်တွေ့သင်ကြားပြသမှုကို စိတ်ဝင်စားစွာသင်ယူပြီး ပြည်သူလူထုအတွင်း သန့်ရှင့်ပြီးစိတ်ချရသော သောက်သုံးရေကို အသုံးပြုနိုင်ရန် မြို့နယ်အလိုက် ဖြန့်ဝေပေးထားသည့် ရေအရည်အသွေး တိုင်းတာစစ်ဆေးသဘ့်စက်များဖြင့် မိမိတို့မြို့နယ်၊ ရပ်ရွာများရှိ ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများတွင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးသည် သင်တန်းသို့ တက်ရောက်လာကြသည့် နေပြည်တော်လုပ်ငန်းခွင် ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါသင်တန်းအား ဇန်နဝါရီလ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သနပ်ပင်၊ ညောင်လေးပင်၊ ရေတာရှည်၊ မင်းလှ၊ သဲကုန်းမြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း သင်တန်းသား/ သူ (၁၀) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)