အ.ထ.က (ခွဲ) ခင်ပြည့်တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဇလွန်   ဇန်နဝါရီ   ၂၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် အ.ထ.က(ခွဲ) ခင်ပြည့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(ခွဲ) ခင်ပြည့်ကျောင်းအုပ်ဆရာကြီး ဦးနိုင်တင်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်​အေးမြင့်သိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်း​နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ Grade – (11) ကျောင်းသူ များမှ လူငယ်နှင့်မြန်မာစာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဥ်ကျေးမှု ၊ လူငယ်နှင့်တက်ကြွလှုပ်ရှားမှု ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဥ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်း စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်ကြစေရန် ၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန် ၊ လူအများရှေ့တွင် မှန်ကန်သောစကားများအား ရဲဝင့်စွာ ပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)