ပွင့်ဖြူ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲတွင် ဦးစွာ ကျေးရွာစာကြည့်တိုက်ကော်မတီ အကျိုးတော်ဆောင် ဒေါ်မြမြထွေးက အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်သီတာဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက စာကြည့်တိုက်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အားပါးတရ ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်(ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမှတ်တရပစ္စည်းများဖြင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျေးရွာစာကြည့်တိုက်ကော်မတီအကျိုးတော်ဆောင် အဖွဲ့ဝင်များက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အဆိုပါ စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲကို ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကျေးရွာစာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရန်၊ ကျောင်းနေအရွယ်ကလေးများ စာကြည့်တိုက်လှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စားလာပြီး စာပေလေ့လာဖတ်ရှုခြင်းအပြင် စာကြည့်တိုက်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို ကောင်းစွာသိရှိနားလည်စေရန်၊ စာကြည့်တိုက်ကို အကျိုးရှိရှိအသုံးချပြီး လူငယ်လူရွယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာ၌ အကျိုးပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)