လဟယ် ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို သင်ယူနေကြသော ကျောင်းသား/သူများအား ပဉ္စမအကြိမ်မြောက် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီအချိန်က ဗဟို သာသနာပြုကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး လဟယ်မြို့နယ် သာသနာပြု ခေါင်းဆောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရဘဒ္ဒန္တသုမန၊ (သာသနဓဇ ဓမ္မာစရိယ၊ သာသနတက္ကသီလ ဓမ္မာစရိယ (B.A) မဟာသသဒ္ဒမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော် ရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဗဟိုဆရာတော်က ဓမ္မစကူးလ် သင်တန်းနှင့် ပတ်သက်ပြီး ဩဝါဒစကားချီးမြင့်သည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးမှူး အဖွဲ့ ဒေသလဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ဓမ္မစကူးလ် သင်တန်းနှင့် ပတ်သက်၍ ဝမ်းမြောက်စကားပြောကြားသည်။ ထို့နောက် ဓမ္မစကူးလ် ကျောင်းသူလေး မစံကီးဟွန်ညူမှ ဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပဟိုသာသနာပြုခေါင်းဆောင် ဆရာတော်နှင့် လက်ထောက်ဆရာတော်တို့က မ္မစကူးလ် ဆရာ/မများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးပြီးအခမ်းအနားသို့ တက်ရောက်လာကြသော ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကျောင်းသား/သူ များအား ကျောင်းတက်မှန် ဆုတံဆိပ်နှင့် သင်တန်းဆင်းလက် မှတ်များကို ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ပထမပိုင်း အခမ်းအနားရုတ်သိမ်းခဲ့ သည်။ အဆိုပါ သင်တန်းဆင်းပွဲတို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကို နှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြပြီး ဒုတိယပိုင်း အစီအစဉ်ဖြင့် ဓမ္မစကူးလ်ကျောင်းသား/သူများမှ ဓမ္မစကူးလ်တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)