ကျောက်ကြီး ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီ အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းစီစဥ်သည့် မိုင်းအန္တရာယ်အသိပညာ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၁) ဦး တက်ရောက်ပြီး၊ ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်းက ကြက်ခြေနီ အကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇) ချက်ဖြင့်ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့် ခေါင်းစဥ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်ဆိုသည့် လုပ်ငန်းစဥ်များအကြောင်း အသိပညာပေးပြောကြားကာ လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များအသိပညာပေးဟောပြောပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်ဦးလွင်က စစ်လက်နက်ပစ္စည်းဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းများ၏ အန္တရာယ်ကြီးပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာ အကြီးကဲများထံသတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)