ဖျာပုံမြို့၌ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

ဖျာပုံ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လုပ်သားပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများ၊ ပြည်သူပိုင် အဆောက်အဦးများကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝ​အလျောက် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်အမျိုးမျိုးတို့ကို လုပ်သားပြည်သူများ အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကာကွယ်တားဆီးစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးဝေက ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလုပ်သားပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများ၊ ပြည်သူပိုင်အဆောက်အဦး များကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝ​အလျောက် ဖြစ်ပွားတတ် သည့် ဘေးအန္တရာယ်အမျိုးမျိုးတို့ကို လုပ်သားပြည်သူများ အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကာကွယ်တားဆီးစောင့်ရှောက်တတ်စေရန် ယခုကဲ့သို့ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းကို ဖျာပုံခရိုင် အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင် (၄၃)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)