ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်များပြသ

ကန့်ဘလူ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး အဆိုပါကျောင်းခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများအား ကလေးသူငယ် များအပေါ် အကြမ်းဖက်ခြင်း၊ မတော်မတရားပြုလုပ်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့ကို ကြိုတင်ကာကွယ်ပေးခြင်းနှင့် အရေးယူတုံ့ပြန်ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း၊ ကလေးများ၏ အသက်ရှင်သန်မှုနှင့် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်အောင်လုပ်ခြင်းသည် အကြမ်းဖက်ခြင်းဖြစ်ကြောင်း၊ ကလေးများ၏ အခြေခံလိုအပ်ချက်များဖြစ်သော စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝမှုနှင့် နေထိုင်မှုတို့ကို ဖြည့်ဆည်းပေးရန် ပျက်ကွက်ခြင်းသည် ကလေးများအပေါ် လျစ်လျူရှုခြင်းဖြစ်ကြောင်း ထိုသို့အကြမ်းဖက်ခြင်း၊ မတော်မတရားပြုမူခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများ မဖြစ်ပေါ်စေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးတို့ အတွက် မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး၊ ပတ်ဝန်းကျင်နှင့် လူတိုင်းတွင် တာဝန်ရှိကြောင်း ဟောပြော ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ဓာတ်ပုံ၊ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)