တနင်္သာရီ ဇန်နဝါရီ ၂၉
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီမြို့နယ်ဦးစီးမှူး ရုံးမှဦးစီးမှူးနှင့် ဝန်ထမ်းများက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီမြို့၊ ချောင်းငယ်-အခြေခံပညာမူလတန်းကျောင်းခန်းမအတွင်း ကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးအေးသန်းနှင့် ဆရာမများ၊ GRADE-4 နှင့် GRADE-5 မှ ကျောင်းသား/သူများ(၁၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
၎င်းအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံးမှ ဦးစီးမှူး ဦးမြတ်အာကာဇော်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်သဉ္ဇာဝင်းက ရေဘေးဆိုင်ရာအကြောင်းအရာများနှင့် ဒေါ်ယဉ်ယဉ်ထွေးက လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးပေးကြပြီး ကျောင်းသား /သူများအား ပြန်လည်ဆန်းစစ်မေးမြန်း၍ သိလိုသည်များ ထပ်မံဖြည့်စွက်ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပညာပေးလက်ကမ်းစာစောင်(၁၀၀)ကို ကျောင်းသား/သူများအား ဖြန့်ဝေပေးပြီး၊ မှင်တံ (၁၀၀) ချောင်း၊ ဗလာစာအုပ် (၂) ဒါဇင်နှင့် အလျား (၅) ပေ-အနံ (၄) ပေ အရွယ် သဘာဝဘေးဆိုင်ရာ အသိပညာပေး ဗွီနိုင်းပိုစတာတို့ကို လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးအေးသန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)