ရွှေတောင်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး ကျင်းပ

ရွှေတောင် ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆေးရုံအုပ်ကြီးဒေါက်တာအောင်မျိုးသန့်မှ ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ယခင်နှစ်ကျောင်းကျန်းမာရေးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ နွေရာသီအားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသင်တန်းများဖွင့်လှစ်ပေးခဲ့မှုများ၊ ကျောင်းကျန်းမာရေး  ပုံမှန်ကာကွယ်ဆေးထိုးနှံပေးမှုများအားရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာကြီးဦးကျော်ဦးကကော်မတီပါ ဆရာကြီး/ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူလေးများ၏ အသက်ပိုင်းခြားအလိုက်ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့်စာရင်းများအား မှန်ကန်စွာဆောင်ရွက်၍ မြို့နယ်ပညာရေးမှူးရုံးသို့ အချိန်မီပေးပို့မှသာ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စာရင်းမှန်ကန်စွာပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူးဦးကိုကိုကြီးက ကျောင်းကျန်းမာရေးများ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချသည့်လက်သုတ်စာများ သန့်ရှင်းမှုရှိ/မရှိ Date လွန်အစားအသောက်များ ရောင်းချနေမှုရှိမရှိများကို ကျောင်းကော်မတီများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ကျောင်းကျန်းမာရေးကော်မတီဝင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ကိုကိုမင်း(ပြန်/ ဆက်)