မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲဆောင်ရွက်

မြို့သစ် ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် “ကျွန်ုပ်တို့ကလေးများ၏ အနာဂတ်လုံခြုံ စိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် ဟောပြောပွဲများဆောင်ရွက်ခြင်းကို ယနေ့နံနက်  (၁ဝ) နာရီက မြို့သစ်မြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် "မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းလင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းယုထွေး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ရင်မိုးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘအုပ်ထိန်းသူ၊  ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများ/ ဆောင်ရွက် နိုင်သည့် ဥပဒေများအကြောင်းတို့ကို  အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် နံရံကပ်ဓါတ်ပုံများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)