ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဖြိုးက မီးအခြေခံသဘောတရား၊ မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သော အကြောင်းအရာများ၊ မီးဘေးအန္တရာယ်အကြောင်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများအား လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)