အထက-ဓမ္မသော်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဓမ္မသော်) ၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့က အဆိုပါကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့် မြန်မာနိုင်ငံတော်ကြီး နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက်ကြိုးပမ်းကြရာတွင် ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ကြောင်း၊ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှု သင်္ကေတဖြစ်‌သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကစတင်၍ ပြည်ထောင်စုအလံတော်လွှင့်ထူခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၇၇ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပြည်‌ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာ‌ပေး ဟောပြောခဲ့သည်။

ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် အားအစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်‌ ကျောင်းသား၊ ကျောင်းသူလေးများက သက်ဆိုင်ရာအားကစားနည်းများအလိုက် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)