အုတ်တွင်း ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့နယ်မီးသတ်တပ်ဖွဲ့မှမြို့ပေါ်ရပ်ကွက်များသို့ ယမန့်နေ့ညနေပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ဆောင်ရန်/ရှောင်ရန်သတိပြုရမည့်အချက်များကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတိပြုရေးလိုက်လံအသိပညာပေးနှိုးဆော်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်ကျော်မြင့်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ရှစ်ဦးက ဆန်စက်များ၊ စက်သုံးဆီဆိုင်များနှင့် ကာရာအိုကေဆိုင်များတွင် လျှပ်စစ်မီးကြိုးများစနစ်တကျသွယ်တန်းတပ်ဆင်ထားမှုရှိ/မရှိ၊ လျှပ်စစ်မီးများသုံးစွဲရာတွင် ခံနိုင်ဝန်အားထက် ကျော်လွန်သုံးစွဲထားခြင်းရှိ/မရှိ၊ လောင်စာဆီ/လောင်စာပစ္စည်းများ စနစ်တကျသိုလှောင်ထားခြင်းရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်ထားရမည့် မီးချိတ်/မီးကတ်/သဲ/ရေ/မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
မီးဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားနိုင်ရန်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဉ်အလှည့်ကျမီးသတိပြုရေးအသိပညာပေးနှိုးဆော်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)