ရေဖြူ ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာဈေးပထမရာသီပြီးချိန် တစ်ပေါင်လျှင်၁၇၀၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်း သိရသည်။
မနှစ်က ပထမရာသီဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ရော်ဘာဈေး တစ်ပေါင် ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေးရရှိခဲ့ပြီး ယခုနှစ်ရာသီတွင် ရော်ဘာတစ်ပေါင် ဈေးနှုန်းမှာ ၁၇၀၀ ကျပ်အထိ သိသိသာသာ မြင့်တက်ခဲ့သည်။
ယခု ရရှိနေသော ဈေးနှုန်းမှာ ယခင် ၂၀၁၇ ခုနှစ်မှ စ၍ (၇) နှစ်တာအတွင်း အမြင့်ဆုံးဈေး ဖြစ်ကြောင်း သိရသည်။ “မိုးအုံ့ပြီး နေပူမိုးရွာ ဖြစ်နေတာရယ်၊ အစေးလှီးလုပ်သား ရှားပါးလာတာရယ်ကြောင့် အချို့ခြံတွေ ရပ်နားထားကြတယ်။ ရော်ဘာလိုအပ်ချက်များပြီး အထွက်နှုန်းနည်းတာရယ်ကြောင့် ဈေးကောင်းခြင်းဖြစ်ကြောင်း ခြံပိုင်ရှင်တစ်ဦးထံက သိရသည်။ အထွက်နည်းပေမယ့် ဈေးကောင်းတာကြောင့် မိသားစုဝင်ငွေ ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။ ရေဖြူမြို့နယ်တွင် နှစ်ရှည်သီးနှံပင်များအနက် ရော်ဘာကို အဓိကထား အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် လုပ်ကိုင်ကြကြောင်းလည်း သိရသည်။
ခတ္တာ