သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးအခြမ်းခွဲများ ရောင်းချရာမှ ပေါ်ဦးပေါ်ဖျား ကာလထက် စျေးကောင်းရရှိ၍ ကွမ်းသီးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

သရက်ချောင်း ဇန်နဝါရီ ၂‌၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံ လုပ်ကိုင်သူများနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များ အဓိက စိုက်ပျိုးလျက်ရှိရာ အောက်တိုဘာလ အစောပိုင်း ကွမ်းသီးပေါ်ဦးပေါ်ဖျားကာလတွင် စျေးနှုန်းကျဆင်းသော်လည်း ယခုအခါ ကွမ်းသီးပေါများအချိန်တွင် ကွမ်းသီးအခြမ်း‌ရောင်းချရာမှ စျေးကောင်းရရှိ၍ မိသားစု စားဝတ်နေရေးအတွက် တစ်ဖတ်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း ကွမ်းသီးခြံ လုပ်ကိုင်သူတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးပေါ်ဦးပေါ်ဖျားကာလတွင် ကွမ်းသီးတစ်လုံးလျှင် ၁၅ ကျပ်သာ ရရှိပြီး ကွမ်းသီးပါကင်တစ်ပိဿာလျှင် ၂၁၀၀ကျပ်၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ၁၉၀၀ ကျပ်၊ ကွမ်းသီးအပုတ် တစ်ပိဿာလျှင် ၆၀၀ ကျပ် အထိသာ စျေးရရှိသော်လည်း ယခုအခါ ကွမ်းသီးပေါများ အချိန်တွင် ကွမ်းသီးတစ်လုံးလျှင် ၂၅ ကျပ်၊ ကွမ်းသီးပါကင်တစ်ပိဿာလျှင် ၃၈၀၀ ကျပ်၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ၃၆၀၀ ကျပ်အထိ ဈေးကောင်းရရှိကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူ ဒေါ်တင်နုထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)