သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

သာယာဝတီ ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပေးနှိုးဆော်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လတ် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းက မီးသတ်ယာဉ်ဖြင့် သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများသို့သွားရောက်ပြီး လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ မီးသုံးစွဲလျှင် အမြဲလူစောင့်ထားရှိပေးရန်၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ် စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် စသည့်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)