ပေါင်းတည်၌ ပန်းဂေါ်ဖီစိုက်ပျိုးမှုမှ တောင်သူများ ဝင်ငွေများရနေ

ပေါင်းတည် ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ပန်းဂေါ်ဖီ (ပန်းမုန်လာ) များ ပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူတောင်သူများ ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် သဘာဝမြေသြဇာ (သစ်စိမ်းမြေသြဇာ) တွဲဖက်၍ စမ်းသပ်အသုံးပြုစိုက်ပျိုးထားမှုကြောင့် ပွင့်အားအခြေအနေကို စောင့်ကြည့်လျက်ရှိခဲ့ရာ ခန့်မှန်းထားသလို အပွင့်ချောချောများထွက်ရှိခဲ့ကြောင်း မကျီးပင်ကျေးရွာအုပ်စု၊ ပေါက်တန်းကျေးရွာမှ တောင်သူ ဦးသန်းလွင်က ဝမ်းသာအားရပြောပြသည်။

မစိုက်ပျိုးမီအစောပိုင်းက မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတု ကျရောက်နေကြောင်း၊ ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်များ အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းနိုင်ကြောင်း၊ လယ်ကော်မတီများမှ နှိုးဆော်ထား၍ စိုက်ခင်းများကို နေ့စဉ်ကြည့်ရှုကာ ရာသီဥတုဒဏ်ကို ကာကွယ်စောင့်ရှောက်ခဲ့ရကြောင်းကိုလည်း ဆက်လက်ရှင်းပြသည်။

ပေါက်တန်းကျေးရွာအပါအဝင် ချောင်းနားရွာတန်းရှည်တစ်လျှောက်တွင် ဘိုးသာအောင်ကုန်းချောင်းရေကို ဝါးပိုးဝါးမောင်းတံများဖြင့် ခပ်ယူကာ စိုက်ခင်းများကို ရေလောင်းစိုက်ပျိုးကြကြောင်း၊ အလားတူ ဝဲကြီး (ဝက်ပုတ်) ချောင်းနားကျေးရွာများရှိ တောင်သူများကလည်း ချောင်းရေကို အသုံးပြုစိုက်ပျိုးကြကြောင်း သိရသည်။

ယခုအချိန်တွင် ပန်းဂေါ်ဖီများ ဖူးပွင့်ကာ ဆွတ်ခူးရောင်းနေကြပြီး တစ်ပွင့်လျှင် ၂၀၀ကျပ်၊ ၂၅၀ ကျပ်နှုန်းဖြင့် စိုက်ခင်းများအထိ ကုန်စိမ်းဒိုင် ကိုယ်စားလှယ်များ အလုအယက် လာရောက်ကောက်ယူဝယ်လျက်ရှိရာ ပန်းဂေါ်ဖီစိုက်ပျိုးမှုမှ တောင်သူများ ဝင်ငွေများရနေပြီး စီးပွားရေးအဆင်ပြေကာ ပြုံးပျော်နေကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)