ကန်ကြီးထောင့် မြို့နယ်၊ အ.မ.က - (၂) ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန် ဆု‌ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကန်ကြီးထောင့် ဇန်နဝါရီ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပညာရေး စုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲ အချိန်က မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.မ.က - (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လစ်ခဲ့ပြီး ပုသိမ်ခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ဆက်လက်ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်သန်းစိုးက ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ပြီး အ.မ.က -(၂) ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

ထို့နောက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)