ပဲစင်းငုံသီးနှံရာသီကုန်ချိန်အထိ စျေးကောင်းရ၍ တောင်သူများအဆင်ပြေ

နတ်မောက် ဇန်နဝါရီ ၂၉

ယခုနှစ်တွင် ပဲစင်းငုံသီးနှံရာသီတွင် စျေးနှုန်းကောင်းမွန်ပြီး အထွက်နှုန်းကောင်းသည့်အတွက် နတ်မောက်မြို့နယ်အတွင်းရှိ ပဲစင်းငုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ ပဲစင်းငုံသီးနှံပေါ်ချိန်မှစ၍ ယခုလက်ရှိအချိန်ထိ စျေးနှုန်းရကြသဖြင့် တောင်သူများအတွက် ယခင်နှစ်များနှင့်မတူဘဲ စားဝတ်နေရေး အဆင်ပြေကြကြောင်း သိရသည်။
 "ဦးလေးတို့က မိရိုးဖလာတောင်သူတွေဆိုတော့ နှစ်စဉ်မပြတ်စိုက်ပျိုးကြပြီး စျေးမကောင်းလည်း ရောင်းရတယ်၊ အခုလိုစျေးကောင်းရကြတော့လည်း အဆင်ပြေကြတာပေါ့။ အုနှစ်က ပဲစင်းငုံစျေးကောင်းရတော့ တောင်သူတွေ တော်တော်အသက်ရှူချောင်ရတယ်ပြောရမယ်။ အလှူအတန်းတွေလည်းလုပ်နိုင်ကြတယ်။ ရွှေတိုငွေစလေးတွေလည်း စုဆောင်းမိကြတယ်"ဟု နတ်မောက်မြို့နယ် ဖက်တောကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
ပဲစင်းငုံစျေးနှုန်းမှာ ရာသီကုန်ချိန်ရောက်သည်အထိ စျေးနှုန်းပိုမိုကောင်းမွန်လျက်ရှိပြီး ယခုလက်ရှိတွင် နတ်မောက်မြို့နယ်ရှိပွဲရုံများက ပဲစင်းငုံတစ်ပိသာလျှင် ငွေကျပ် ၆၀၀၀ ဝန်းကျင်ဖြင့်လည်းကောင်း၊ တစ်တင်းလျှင် ၁၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း တောင်သူများထံမှဝယ်ယူ၍ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပွဲရုံများသို့ ပြန်လည်တင်ပို့ရောင်းချကြကြောင်း နတ်မောက်မြို့ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများမှ သိရသည်။

သိမ့်သိမ့်မိုး