နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community centre)အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နတ်မောက် ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက် ()နာရီအချိန်က Book Club နှင့်ပူးပေါင်း၍ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူ့စွမ်း၊ ဉာဏ်စွမ်းပြည့်ဝရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်”မှစာအုပ်ထဲမှ “ကျောင်းနေပျော်၍ စာတော်ပါစေ” ခေါင်းစဉ်အား ဆွေးနွေးရာတွင် ကျောင်းသား/သူတိုင်း ကျောင်းတက်မှန်ရန်လိုအပ်ပြီး ကျောင်းတတ်မှန်ပါက သင်ခန်းစာများအား အခက်အခဲမရှိ ကျက်မှတ်နိုင်မှာဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ပညာသင်ကြားရာတွင် အရေးကြီးသောအချက်မှာ ဆရာ/မများ ရှင်းလင်းသင်ကြားစဉ် အာရုံစိုက်၍ နားထောင်ခြင်းဖြစ်ပြီး ဂရုစိုက်နားထောင်သည့်အတွက် သင်ခန်းစာကို တစ်ဝက်မကအောင် ကျက်မှတ်ပြီးသားဖြစ်သွားနိုင်ပါကြောင်း၊ ထူးချွန်ထက်မြက်၍ ပညာတော်သည့် ကျောင်းသား/သူများဖြစ်ရန် ဆရာ/မများ ရှင်းလင်းသင်ကြားစဉ် အာရုံစိုက်၍ နားထောင်တတ်သော အလေ့အကျင့်ကောင်းရှိစေလိုကြောင်း  ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်ဝင်းမေထွန်း(စာထောက်-၃)က စာကြည့်ချိန်မှာ စာကြည့်ပါ”ခေါင်းစဉ်ထဲမှ ကျောင်းသား/သူများအနေဖြင့် ကိုယ့်တာဝန်ကိုယ်သိ၍ စနစ်တကျဖြစ်ရန် လေ့ကျင့်ထားလျှင် ကြီးသည်အထိ ကောင်းသော အကျင့်များ စွဲမြဲသွားမှာဖြစ်ပါကြောင်း၊ ကိုယ်တိုင်ကြိုးစားမှသာ စာတော်သည့် ကလေးငယ်များဖြစ်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ အညွန့်အဖူးကလေးများဖြစ်သော သား၊ သမီးအားလုံး ပညာထူးချွန်ကြလျှင် လူမျိုးပါ ဂုဏ်တင့်၍ နိုင်ငံပါ တိုးတက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ Book Club လူငယ်များ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄၇)ဦး တက်ရောက်ခဲ့သည်။

မူမူစန်း