အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀နှစ် နှင့်အထက် ကြိုတင်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲစတင်ပေး

အရာ​တော်    အောက်တိုဘာ    ၂၉

စစ်ကိုင်းတိုင်း​ဒေသကြီး၊ အရာ​တော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀ နှင့် အထက်မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ​ပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ရပ်ကွက်/​ကျေးရွာကော်မရှင် အဖွဲ့ ခွဲရုံးများ၌ ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ကြိုတင်ဆန္ဒမဲ​ပေးခြင်း ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ကြိုတင်ဆန္ဒမဲ​ပေးမည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်များ အဆင်​ပြေစွာ ကြိုတင်ဆန္ဒမဲ​ပေးနိုင်​ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများအား ကြိုတင်မဲပေး နိုင်ရေး ဆောင်ရွက်​ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် ခရီးသွားရန်ရှိသော မဲဆန္ဒရှင်၊ တာဝန်အရ မဲဆန္ဒ နယ်ပြင်ပသို့ ရောက်ရှိနေမည့် မဲဆန္ဒရှင် (နိုင်ငံ့ဝန်ထမ်း)၊ ရဲစခန်း(သို့မဟုတ်) အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ဆေးရုံများတွင် အတွင်းလူနာအဖြစ် ဆေးဝါကုသမှု ခံနေရသူများ၊ အသက် အရွယ်ကြီးရင့်၍ မဲရုံသို့ မလာ​ရောက်နိုင်သူများ၊ အနာကြီးရောဂါ ဖြစ်ပွားနေသူများ၊ မီးဖွားနေသူများ၊ မသန်စွမ်းသူများ အနေဖြင့် ရွေးကောက်ပွဲနေ့မတိုင်မီ သတ်မှတ်ထားသည့်ရက်အတွင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်းနှင့် အရာ​တော်မြို့နယ် အတွင်း ​ရပ်ကွက်/​ကျေးရွာအုပ်စု(၄၂)အုပ်စု၊ မဲရုံ​ပေါင်း (၁၂၃) ရုံတွင် အသက်(၆၀)နှင့် အထက် ကြိုတင်မဲဆန္ဒရှင်​ပေါင်း (၂၂၅၁၂)ဦးရှိ​ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း​ရေးမှူး ​ဒေါ်ဇာဇာခိုင်၏ ​ပြောကြားချက်အရ သိရှိရသည်။

နွယ်နီမြင့်