ချောက်မြို့၌ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​​ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်​ဆေး

ချောက် ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်သို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း မီး​ဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်း စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးဇင်မျိုးသန့်နှင့် သ​န္ဓေ၊ အရန်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများ အသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားလိုက်နာဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျ ငြှိမ်းသတ်ထားရှိရန်အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျအသုံးပြုသွားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်နေပြည်သူများအား ဆွေးနွေးမှာကြား၍ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်အသီးသီးသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် မီးသတိပေးဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျော်မိုး(ပြန်/ဆက်)