ကံမ ဇန်နဝါရီ ၂၉
ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် တောင်သူများထံသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ထန်းကောက်ကျေးရွာအုပ်စု၊ ထန်းကောက်ကျေးရွာတွင် ကျင်းပပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်းဦးက တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ဆွေးနွေးမှာကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသီဟတို့က လျာထားဧကအတိုင်း အပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ စပါးအထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေး၊ စိုက်တမန်း၏ အင်္ဂါရပ်များနှင့်အညီ စိုက်ပျိုးနိုင်ရေး၊ အတန်းလိုက် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ တွဲဖက်အသုံးပြုနိုင်ရေးတို့အတွက် ဆောင်ရွက်ထားရှိသည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စုအလိုက် နွေစပါးစိုက်ပျိုးမည့် တောင်သူများလက်ဝယ်သို့ မျိုးစေ့ချကိရိယာများ ပေးအပ်ခဲ့သည်။ ကံမမြို့နယ်တွင် မဒေးဆည်ရေသောက်ဧရိယာ၌ နွေစပါး (၁၇၂၇)ဧကနှင့် ခြောက်ထောင့် ဆိုလာလျှပ်စစ်ရေတင်ဧရိယာတို့၌ (၁ဝဝ)ဧက၊ စုစုပေါင်း (၁၈၂၇) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)