အထက်မင်းလှ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေနံနက် (၉)နာရီက ကျင်းပရာ တပ်မတော်အကြီးစားစက်ရုံမလွန်မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် ဖွင်လှစ်ပေးပြီး၊ တပ်မတော်အကြီးစား စက်ရုံမလွန်စက်ရုံမှူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်သက်ဝင်ရှင်သန်စေရန် ဆရာ၊ ဆရာမများက မိဘပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် မလွန်အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးက စုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူရည်ချွန်ဆုနှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)