မင်းဘူး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲ၊ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် အဆိုပါကျောင်းမှ Grade-12(A) အသင်းနှင့် Grade-12(B) အမျိုးသားဖူဆယ်ဘောလုံးအသင်းတို့က ဗိုလ်လုပွဲစဉ်ပိတ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်၍ အချိန်ပိုပင်နယ်တီအဆုံးအဖြတ်ဖြင့် Grade-12(A) ဘောလုံးအသင်းက (၅ ဂိုး - ၄ ဂိုး)ဖြင့် နိုင်ရဗိုလ်ဆွဲခဲ့သည်။
ထို့နောက် ဆုပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရပြိုင်ပွဲဝင် အားကစားသမား ကျောင်းသား/ကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ၊ တစ်ဦးချင်း အကောင်းဆုံးကစားသမားဆုများနှင့် ပြိုင်ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်၊ ကျောင်းအုပ်ချုပ်သူ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်၊ လည်ဆွဲ၊ ဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်နှစ် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းက စီစဉ်ကျင်းပသည့် ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယခုလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါပြိုင်တွင် ဖူဆယ်ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ Fitness Dance အကပြိုင်ပွဲ အားကစားနည်း(၆)မျိုးဖြင့် ပြိုင်ပွဲဝင်ကစားသမား ကျောင်းသား/ကျောင်းသူပေါင်း(၁၉၃)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)