မကွေး ဇန်နဝါရီ ၂၈
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မင်းလှမြို့နယ်စစ္စနို့ကျေးရွာရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဓာတ်အားခွဲရုံ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေခဲ့သည့် အကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးက Circuit Breaker အား နှိပ်၍ စတင်မီးလွှတ်ပေးခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ဦးတင့်လွင်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မကွေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ ကျေးရွာများလျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် နှစ်အလိုက်ရန်ပုံငွေများ လျာထားခွင့်ပြုပေးလျက်ရှိသည့်အပြင် လိုအပ်သည့်အကူအညီများကိုလည်း ပံ့ပိုးပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် စစ္စနို့ဓာတ်အားခွဲရုံအဆောက်အဦးနဲ့ (၃၃)ကေဗွီဓာတ်အားလိုင်း(၅.၂)မိုင်အပြင် (၂)ခန်းတွဲ(၁)ထပ် ဝန်ထမ်းနေအိမ်တို့ကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးတို့မှ စုစုပေါင်းငွေကျပ် (၃.၀၂)ဘီလီယံကျော်အကုန်အကျခံပြီး တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ပြည်သူများအနေနှင့် လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်း၊ မိမိတို့ ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့် နိုင်ငံတော်အတွင်း ဓာတ်အားများပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီးမရရှိသေးသည့် ဒေသများမှပြည်သူများ လျှပ်စစ်ဓာတ်အားများ သုံးစွဲနိုင်ရေးတို့ကို နားလည်သဘောပေါက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့လိုပါကြောင်း၊ ယခုအခါ ၃၃/၁၁ကေဗွီ (၅)အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံ ဖွင့်လှစ်ပေးနိုင်သည့်အတွက် ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှ ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံ ရပ်မိ၊ ရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ စစ္စနို့ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်း ယခင်က(၃၃)ကေဗွီ ဓာတ်အားခွဲရုံ(၁)ရုံသာရှိပြီး မြို့ပေါ်နှင့် ကျေးရွာ(၁၅၃)ရွာအနက် (၂၃)ရွာခန့်သာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီး လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှုအနေနဲ့ (၃၄.၁၄)ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ ယခုအခါ မင်းလှမြို့နယ်တွင် ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေ စစ္စနို့ဓာတ်အား ခွဲရုံတည်ဆောက်ပြီးဖြစ်၍ ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု(၂၀၂၉)စုမှာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသောကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ နှစ်အလိုက်လျာထားတင်ပြ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
မောင်ညီညာ