ရေတာရှည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းနှင့် ရွှေပြည်ကုန်းကျေးရွာသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ ရပ်ကွက်ကျေးရွာအတွင်းရှိ ပြည်သူလူထုများအသက်အိုးအိမ်ပစ္စည်းများ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် မီးသတိမူရေး၊ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးရခြင်းဖြစ်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ စျေးဆိုင်များနှင့်နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်များကို နေ့စဉ်စစ်ဆေးဆောင်ရွက်ရန်၊ လျှပ်စစ်မီးဖို၊ မီးပူများကိုသုံးစွဲပြီးလျှင် (သို့မဟုတ်) လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မီးခလုတ်ကိုပိတ်၍ ပလပ်ခေါင်းအားဖြုတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ စစ်ဆေးလဲလှယ်ထားရှိရန်၊ လျှပ်စစ်ဒဏ်ခံကြိုး၊ Fuse များနှင့် လျှပ်စစ်ဝါယာကြိုးများ ကိုခံနိုင်ဝန်အားထက်ပို၍ မသုံးရန်၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်ကိုပိတ်၍ ခြောက်သွေ့သောအဝတ်၊ ပိတ်စစသည်တို့ဖြင့် ရိုက်ပုတ်၍ဖုံးအုပ်ငြှိမ်းသတ်ရန်၊ ဂတ်(စ်)အိုးများ အသုံးပြုသည့်အခါယိုစိမ့်မှုမရှိအောင် ဂတ်(စ်)ပိုက်လိုင်းနှင့် ပိုက်ဆက်ပါ အဖွင့်/အပိတ် ခေါင်းများအား သေချာစွာစစ်ဆေးရန်၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးသတ်ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့် ချက်ချင်းဆက်သွယ်သတင်းပို့ကြရန် စသဖြင့်အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့အသိပညာပေး ရှင်းလင်းပြောကြားခြင်းကြောင့် ရပ်ကွက်ကျေးရွာအတွင်း မီးသတိမူရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်သည့်အတွက် မီးလောင်မှုများ ကြီးမားစွာဆုံးရှုံးမှုမဖြစ်ပွားစေသည့် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)