တောင်ငူ ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ သိမ်တော်လှဘုရားကြီးဓမ္မာရုံ၌ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဗေဒါပင်မှထွက်ရှိပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ဗေဒါပင်မှထွက်ရှိသည့်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှုသင်တန်းတက်ရောက်ခြင်းဖြင့် မိသားစုအလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ကြောင်း၊ စျေးကွက်ရရှိရေးနှင့် လိုအပ်သည့်အခက်အခဲများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် သင်ကြားပေးမည့် ဆရာများက မိတ်ဆက်စကားပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဗေဒါပင်မှထွက်ရှိသည့်ပစ္စည်းများဖြင့် အမျိုးသား၊ အမျိုးသမီး ဖိနပ်၊ ဦးထုပ်၊ ပိုက်ဆံအိတ်၊ လက်ဆွဲခြင်းပြုလုပ်နည်း အမျိုးမျိုးတို့ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ရပ်ကွက်နေပြည်သူများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)