ဆော အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင် များအတွက် ကြိုတင်မဲလက်မှတ် ထည့်သွင်းခြင်းကို ယနေ့ နံနက် ၈ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကြိုတင်မဲလက်မှတ် ထည့်သွင်းနိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များက ကြိုတင် မဲလက်မှတ် မည့်ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲလက်မှတ် စနစ်တကျထည့်သွင်းစေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအား ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၁၀၉၁၈ ဦးရှိပြီး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ မဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အသက်(၆၀)နှစ်နှင့်အထက် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်သို့ သတင်းပို့ကာ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)