ကြံခင်းမြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကြံခင်း ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက   ဗိုလ်ချုပ်လမ်းတစ်လျှောက်၊  မြို့မဈေးရှေ့လူစည်ကားရာနေရာများ၌ ဖြန့်ဝေကြသည်။

ထိုသို့ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိဦးကိုကိုနိုင်ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူးဦးသက်ပိုင်စိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှတာဝန်ရှိသူများ ပူးပေါင်းဖြန့်ဝေပေးကြသည်။

အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် မီးဘေးအန္တရာယ်ဆိုသည်မှာ၊  မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်ဆောင်ရွက်ရမည့်အချက်များ၊  မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ် ကြုံတွေ့လာလျှင် လုပ်ဆောင်ရမည့်အချက်များ၊  မီးဖိုအသုံးပြုလျှင်၊ ဘုရားမီးပူဇော်လျှင်မီးဘေးအန္တရာယ်ကင်းဝေးရေးဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အား စနစ်တကျသုံးစွဲရမည့်အချက်များ၊  ရုတ်တရက်မီးလောင်ကျွမ်းခြင်းဖြစ်ပေါ်က မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးသတ်ယာဉ်များဖြင့် အမြန်ဆုံးငြှိမ်းသတ်နိုင်ရေးအတွက် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊   ဆောင်ရွက်ရမည့်အချက်များပါဝင်သော  အသိပညာပေးလက်ကမ်းစာစောင်  စောင်ရေ(၁၀၀)ကို ပြည်သူ့များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)