ရွှေစက်တော်ဘုရားပွဲတော်ရာသီတွင် မင်းဘူးဒေသထွက် သနပ်ခါးများ ဈေးကောင်းရရန်မျှော်လင့်

မင်းဘူး ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း ၅ ရက်၊  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်ကာ ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ သနပ်ခါးတုံးရောင်းချမည့် ဈေးသည်များဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြကြောင်း ဒေသခံသနပ်ခါးစိုက်သည့် တောင်သူများထံမှ သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်တွင် နှစ်စဉ်နှစ်တိုင်းလိုလို ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများမှာဂျီသားခြောက်၊ ဆတ်သားခြောက်၊ ဝက်မြေဥ၊ စပါးကြီးအသည်းချေ၊ သစ်ဥ၊ သစ်ဖု၊ ပျားရည်၊ သစ်ခေါက်များ၊  ဆေးမြစ်များ၊ ဒေသခံလက်ရက်ကန်းများမှ ရက်လုပ်သည့်ချည်ထည် ရွှေစက်တော်အင်္ကျီများ၊ ပဲပွကြော်၊ ပဲရွကြော်၊ ပြောင်းဖူးပွကြော်၊ လယ်ကိုင်းမရွေး၊ မရွေးကျစ်များ၊ ပါပလာထုပ်များ၊ လေးပင်ဆီးသီးများနှင့် သနပ်ခါးတုံးစသော ဒေသထွက်ပစ္စည်းများကို ပွဲတော်အပြန် လက်ဆောင်အဖြစ် ရောင်းချလျက်ရှိကြသည်။

မင်းဘူးမြို့နယ်အတွင်းမှ သီးကုန်း၊ မုန်တောင်၊ ကျွန်းပြား၊ မန်းရေနံကွင်း၊ ကန်ရေ၊ ကုန်းသာစသော ကျေးရွားများသည် ရှင်မတောင်သနပ်ခါး အများအပြားစိုက်ပျိုးသော ကျေးရွာများဖြစ်ပြီး ရွှေစက်တော်ဘုရားပွဲတော်ရာသီတွင် အများဆုံး ရောင်းချလျက်ရှိကြရာ ယခုနှစ်လည်း ‌မိမိခြံထွက်သနပ်ခါးများ ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း ကန်ရေကျေးရွာ သနပ်ခါးစိုက်တောင်သူ ဦးတင်ဝင်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)