ကန်ကြီးထောင့် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ ဆန်စက်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဆန်စက်များ၏ ဆောက်အဦအမျိုးအစားများ၊ လူအင်အားစာရင်းများကောက်ယူခြင်း၊ ဆန်စက်များနှင့် မီးသတ်စခန်းအကွာအဝေးတွက်ချက်ခြင်း၊ မီးလောင်မှုဖြစ်ပွားခဲ့ပါက မီးပြန့်ပွားနိုင်မှု၊ ကာကွယ်နိုင်ခြင်း ရှိ/မရှိကိုစစ်ဆေးခြင်း၊ မီးသတ်ယာဉ် အလွယ်တကူ ဝင်ရောက်နိုင်မှုရှိမရှိစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန် ရေစဉ်များအားကြည့်ရှုခြင်း၊ မီးချိတ်၊ မီးကတ်ဆောင်ရွက်ထားမှုများအား စစ်ဆေးခြင်း၊ ဘေးပတ်ဝန်းကျင်မီးလောင်လွယ်သည့် ခြုံနွယ်များရှိမရှိစစ်ဆေးခြင်း၊ လျှပ်စစ်သုံးစွဲမှုများအား မေးမြန်းခြင်းနှင့် မီးသတ်ဆေးဗူးဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခြင်းဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)