ဒေးဒရဲ အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေး မှူးနှင့် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များက ကြိုတင်ဆန္ဒမဲ လက်မှတ်ထည့်မည့် ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် ခြင်း၊ ကြိုတင်ဆန္ဒမဲ လက်မှတ်စနစ်တကျ ထည့်သွင်းစေခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများအား ကြိုတင်ဆန္ဒမဲ များပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် ခရီးသွားရန် ရှိသော မဲဆန္ဒရှင်၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေမည့် မဲဆန္ဒရှင် (နိုင်ငံ့ဝန်ထမ်း)၊ ရဲစခန်း(သို့မဟုတ်) အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ ဆေးရုံအတွင်း လူနာအဖြစ် ဆေးဝါး ကုသမှု ခံနေရသူများ၊ အနာကြီးရောဂါဖြစ်ပွားနေသူများ၊ ဝေဒနာပြင်းထန်စွာ နေရသူများ၊ မသန်စွမ်းသူများအနေဖြင့် နိုဝင်ဘာ လ (၅)ရက်နေ့ ညနေ(၆)နာရီ နောက်ဆုံးထားပြီး ကြိုတင်ဆန္ဒမဲများ ပေးခွင့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)