ကျောင်းကုန်းမြို့ အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်း (၁၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

ကျောင်းကုန်း ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ ယခင်ပြည်တော်သာကျောင်း ယခု အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်း၏ ကျောင်းသား/ကျောင်းသူဟောင်းများ (၁၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိတ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး၊ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူဟောင်းများက ပူဇော်ကန်တော့ငွေများ ကန်တော့ခဲ့ကြသည်။ ယခုနှစ်တွင် အသက်(၇၅)နှစ်အထက် ဆရာကြီး၊ ဆရာမကြီး(၁၁)ဦးအား ပူဇော်ကန်တော့ငွေကျပ် (၁)သိန်း(၄)သောင်းစီနှင့် အသက်(၇၅)နှစ်အောက် ဆရာကြီး၊ ဆရာမကြီး (၁၁)ဦးအား ပူဇော်ကန်တော့ငွေကျပ်(၁)သိန်းစီ ကန်တော့ခဲ့ကြသည်။

ဆရာကြီး ဦးဝင်းမြင့်နှင့် ဆရာမကြီး ဒေါ်ကျင်စန်းတို့က ဆုံးမဩဝါဒစကားပြောကြားခဲ့ကြပြီး၊ ကျောင်းသားဟောင်း ဦးသိန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားကို ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယဂုဏံ အဟံဝန္ဒာမိ သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)