အထက်မင်းလှ ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွာတော်ကျေးရွာ၌ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ရွာတော်ကျေးရွာရှိစီမံကိန်းအသင်းသား၊ အသင်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းအကျိုးကျေးဇူးများ၊စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်နိုင်မည့် ဝင်ငွေတိုးလုပ်ငန်းများ၊ လိုက်နာရမည့်စီမံကိန်းဆိုင်ရာ စည်းကမ်းချက်များ၊ အတိုးနှုန်းထားများနှင့် ငွေစာရင်းဇယား ပြုစုထိန်းသိမ်းနည်းဆိုင်ရာများ၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ စီမံကိန်းအသင်းဝင်များထံမှ တတိယအကြိမ်မြောက် ထုတ်ချေးပေးထားသည့် စီမံကိန်းချေးငွေများကို ပြန်လည်ကောက်ခံ၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၀၇ ဦး စုစုပေါင်းစီမံကိန်းဝင်အသင်းသား၊ အသင်းသူ ၁၅၄ ဦးအတွက် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အတိုးအရင်းငွေကျပ် ၃၅၉၀၀၀၀၀ အား စနစ်တကျထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)