မင်းလှမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှစ်ပတ်လည်အစည်းအဝေးကျင်းပ

အထက်မင်းလှ  ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ငယ်ငယ်အောင်က  မြန်မာနိုင်ငံအမျိုးသမီး‌ရေးရာအဖွဲ့ချုပ်၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှ ချမှတ်သောရှေ့လုပ်ငန်းစဉ်(၉)ရပ်အား ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ အမျိုးသမီးများဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မုန့်လုပ်နည်းသင်တန်း၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း၊ ပန်းအလှဆင်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးဒေါ်ခင်မြမူက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် သက်ငယ်မုဒိမ်းအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြမြမင်းက အဖွဲ့မှအမျိုးသမီးများဘဝဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက်အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)