ထားဝယ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ပန်း/ရေချမ်း/ဆီးမီးကပ်လှူဇော်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့ ကထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ကာ ထားဝယ်မြို့၊ ဃောသိတရာမပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများလျှောက်ထားကာ ကြွရောက်တော် မူလာကြသောဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ၂၀၂၃ခုနှစ်၊ ထားဝယ်စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခဲ့သော စာအောင်သံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များနှင့်မြိတ်စာဖြေဌာနမှ ဓမ္မာစရိယအောင်(၁)ပါးတို့ အားတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပြီး ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒဝံသဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
၄င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေဓမ္မတေးဖြင့် သီဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာဖြေဌာနမှ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ အစိုးရနိကာယ်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင်ကြသော စာအောင်သံဃာတော်၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များမှာ ဓမ္မာစရိယ(ကျမ်းပြီး)၁ ပါး၊ နိကာယ်အုပ်စု(၁)ကျမ်းပြီး ၁ ပါး၊ အုပ်စု(၄)ကျမ်းပြီး(၁)ပါး ၊ ပထမကြီးတန်း ၄ ပါး၊ ပထမလတ်တန်း ၁ ပါး၊ ပထမငယ်တန်း ၁၄ ပါး ၊ အခြေပြုမူလတန်း(၃၂)ပါး၊ မြိတ်ခရိုင်မှ စာအောင်သံဃာတော်/ သီလရှင်(၉၂) ပါး၊ ကော့သောင်းခရိုင်မှ စာအောင်သံဃာတော်/သီလရှင်(၄၄)ပါးရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)